ပခုက္ကူ မတ် ၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်များအပေါ်မိဘပြည်သူများ ရှင်းလင်းတိကျစွာနားလည်သိရှိနိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်တို့အတွက် မတ်လ (၇) ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဗီနိုင်းပိုစတာစိုက်ထူခဲ့သည်။
ထိုသို့စိုက်ထူရာတွင် ပခုက္ကူခရိုင်နှင့် မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးရှေ့၊ မြို့မလမ်းနှင့်ရိပ်သာလမ်း (ထင်းတန်းလမ်း) ဆုံ၊ မြို့မလမ်းနှင့် မြို့ရှောင်လမ်းဆုံ၊ မြိုင်လမ်းနှင့်မြို့ရှောင်လမ်းဆုံ စသည့်လူစည်ကားရာနေရာလမ်းဆုံလမ်းခွများ၌ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းရခြင်း၏ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများနှင့်ပြစ်မှုပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်နှင့်အကျိုးခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရမည့်အသက်အရွယ်အပိုင်းအခြားနှင့် စစ်မှုထမ်းအချိန်ကာလသတ်မှတ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုထားသည့်အချက်များ ပါဝင်သော ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး မြေစိုက်နံရံကပ်ဘုတ်စိုက်ထူခဲ့ကြကြောင်း သိရသည်။
အလားတူ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်နှင့် ဆိပ်ဖြူမြို့နယ်အသီးသီးတို့တွင် မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်းပြီး ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း အကြောင်းအရာများနှင့်စပ်လျဉ်း၍ ပြည်သူများရှင်းလင်းတိကျစွာနားလည် သိရှိနိုင်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်တို့အတွက် အသိပညာပေးဆွေးနွေးခြင်း၊ လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွ နေရာများ၌ မြေစိုက်ပိုစတာစိုက်ထူခြင်း၊ အသိပညာပေးလက်ကမ်းစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)