မြို့သစ်မြို့နယ်စက်သုံးဆီဆိုင်များ၌မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

မြို့သစ် မတ် ၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့ ပူးပေါင်း၍ မြို့သစ်မြို့ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မတ်လ (၇) နေ့က စက်သုံးဆီဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက မီးဘေးအန္တရာယ်ကျရောက်လာပါက မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးများ အသင့်ထားရှိမှုအခြေအနေ၊ အရေးပေါ်မီးငြှိမ်းသတ်ခြင်းဆိုင်ရာ နည်းလမ်းများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ တာဂန်ရှိသူများက မီးဘေးကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စက်သုံးဆီဆိုင်များတွင် မီးသတ်ဆေးဘူးများ လုံလုံလောက်လောက်ထားရှိမှု အခြေအနေ မီးချိတ်၊ မီးကပ်များ တပ်ဆင်ထားရှိမှု၊ လျှပ်စစ်မီးကြောင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မီတာဘောက်များစစ်ဆေးခြင်း၊ ဆီသိုလှောင်ကန်များ စနစ်တကျသိုလှောင်မှု ရှိ၊ မရှိ တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)