ရှမ်းရွာသစ် နိုဝင်ဘာ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေးအသိပညာဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ယမန်နေ့က ရှမ်းရွာသစ်မြို့ ပိုးပလေကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂) နှစ်အောက်ကလေးငယ်များကို ပုံမှန်ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများတို့က ခလော့ဒေးကျေးရွာရှိ ကလေး ငယ်များ ကူးစက် ရောဂါတို့မှကာကွယ်ရန်နှင့် ကျန်းမာရေးအသိရှိစေရန်အတွက် ကျန်းမာရေး အသိ ပညာပေးခြင်း၊ ကိုဗစ်၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်းများ တပ်ဆင်ပေးခြင်း၊ လက်ဆေးရည်များဖြင့် လက်သန့်စင်စေခြင်း၊ ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ အသက်(၂)နှစ်အောက် ကလေးငယ်များအား အသည်းရောင် အသားဝါ (ဘီ)ရောဂါ၊ ပိုလီယို အကြောသေ ရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေးစေရန် အသက်ပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများထိုးပေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များတို့ကိုလည်း လိုအပ်သော ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီးနောက် ထီးလယ်ဒို့ကျေးရွာရှိ အသက် (၉)နှစ်မှ (၁၀)နှစ်အရွယ် မိန်းကလေးများအား သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးများ ထိုးနှံပေးခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)