တောင်ငူ မတ် ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ပွင့်ဖြူစင်သက်က ကလေးအလုပ်သမားများနှင့်ပတ်သက်သည့် ဥပဒေသတ်မှတ်ချက်များ၊ မြန်မာနိုင်ငံတွင်ရှိသည့် ကလေးအလုပ်သမားများအတွက် ကာကွယ်ရန်ရေးဆွဲထားသည့် အစီအစဥ်များ၊ ဘေးအန္တရာယ်ရှိသည့် လုပ်ငန်းခွင်သတ်မှတ်ချက်များ၊ အဆိုးဝါးဆုံးပုံစံဖြင့် ကလေးအလုပ်သမားခိုင်းစေမှု၊ ကလေးအလုပ်သမား အများဆုံးတွေ့ရသည့်ကဏ္ဍများ၊ ကလေးအလုပ်သမားခိုင်းစေမိလျှင် ကျခံရသည့် ပြစ်မှုပြစ်ဒဏ်များနှင့် လက်ရှိတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကလေးအလုပ်သမားအရေအတွက်များ စသည်တို့ကို ဆွေးနွေးပြောကြားသည်။ ထို့နောက်ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)