ဟားခါး မတ် ၉
၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က မြန်မာနိုင်ငံသည် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံ (ဘေဂျင်း၊ ၁၉၉၅) ကို အခြေခံ၌ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် ( Convention on the Elimination of all Forms of Discrimination Against Women – CEDAW ) ကို ၁၉၉၇ ခုနှစ် တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး အမျိုးသမီးများ၏ အခွင့်အရေးများ အပြည့်အဝေရရှိရေး၊ ကျား/မ ရေးရာ တန်းတူညီမျှရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမျိုးစုံမှ ကာကွယ်စောင့်ရှောက်ရေး၊ မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မူဝါဒများ၊ လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုလက်ရှိတွင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း (NSPAW) နက်စ်ပေါ (၂၀၂၃−၂၀၃၂) မူကြမ်းကို ရေးဆွဲထားပြီး လုပ်ငန်းစီမံချက်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ်က ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံလူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်တွင်ပါရှိသော လုပ်ငန်စဉ် (၈) ရပ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား စောင့်ရှောက်ရေးနှင့် အထောက်အပံ့ပေးရေးအစီအစဉ်ကို နံပါတ် (၁) လုပ်ငန်းစဉ်အဖြစ် ဖော်ပြထားပါကြောင်း၊ အမျိုးသမီးများအတွက် အာခခံချက်ရှိသည့် တန်းတူအခွင့်အရေးများ သေချစွာရရှိရန် ဆောင်ရွက်ဖို့ အခြားကမ္ဘာ့နိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း တာဝန်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့၏ ဆောင်ပုဒ်မှာ “အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး” ဖြစ်ကြောင်းနှင့် အမျိုးသမီးများ၏ဘဝ လုံခြုံခြင်း၊ စွမ်းဆောင်ရည်နှင့် ပညာရည်မြင့်မားခြင်းတို့သည် နိုင်ငံ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသာယာသော လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်ကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂ၊ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာနှင့် အပြည်ပြည်ဆိုင်ရာအမျိုးသမီး များနေ့အထိမ်းအမှတ် လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်း Video Clip ကို ပြသပြီး ချင်းပြည်နယ်လူမှု ဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူး ဦးနေဝါထွန်းက ကျေးဇူးတင်စကား ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အခမ်းအနားတက် ရောက်လာကြသည့် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်အရေးအဖွဲ့ဝင်များ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်က ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြား ခဲ့ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)