ဒေးဒရဲ မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ ၁၁ ရက်နေ့မှ စတင်၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စာမေးပွဲကျင်းပပြုလုပ်မည့် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ကျုံဒါးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် နောက်ပြန်ဒိုးကျေးရွာ အထက်တန်းကျောင်းများသို့ သက်ဆိုင်ရာဌာနများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟန်ဝင်းစိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စာစစ်ဌာနဖြစ်သည့် ကျုံဒါးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှင့် နောက်ပြန်ဒိုးကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတို့တွင် သက်ဆိုင်ရာကျောင်းအုပ်ကြီးနှင့် ကျောင်းကော်မတီဝင်များအား တွေ့ဆုံပြီး ကျောင်းဝင်းအတွင်း အမှိုက်ရှင်းလင်းထားမှု၊ မီးသတ်ဆေးဘူးများ၊ မီးသတ်ရေကန်နှင့် မီးချိတ်မီးကပ်များ အဆင်သင့်ဆောင်ရွက်ထားရှိမှုနှင့် သွယ်တန်းထားသောလျှပ်စစ်မီးကြိုးများ၊ မီးခလုတ်များ ကောင်းမွန်ခြင်းရှိ/မရှိတို့ကို စစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အေဇာလင်း