မုံရွာမြို့တွင်နေကြာနှင့် ချည်မျှင်ရှည်ဝါ သီးနှံပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် ပိုးမွှား/ရောဂါ ကာကွယ်နှိမ်နင်းနည်း ပညာပေးသင်တန်းဖွင့်လှစ်

မုံရွာ၊ မတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှကြီးမှူးပြီး နေကြာနှင့်ချည်မျှင်ရှည်ဝါ သီးနှံပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့်ပိုးမွှား/ရောဂါကာကွယ်နှိမ်နင်းနည်း ပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၉) နာရီခွဲက တိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုး ဓါတ်ခွဲခန်းရုံး သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး (စီမံ) ဦးထွန်းရှိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ဒုတိယတိုင်းဒေကြီးဦးစီးမှူး (စိုက်ပညာ) ဦးအောင်ကြည်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကာ တက်ရောက်လာသော သင်တန်းသားများအား စပါးဖျက်ပိုးစစ်တမ်းကောက်ယူခြင်းစာအုပ်နှင့် ဆန်စပါးအရည်အသွေးထိန်းသိမ်းခြင်းနှင့် သိုလှောင်သီးနှံဖျက်ပိုးများအား ကာကွယ်နှိမ်နင်းနည်းစာအုပ်တို့အပြင် တောင်သူနည်းပညာပေးလက်ကမ်းစာစောင်များကို အသီးသီး ပေးအပ်ခဲ့သည်

 ဆက်လက်ပြီး အဆိုပါ တိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုး ဓါတ်ခွဲခန်းရုံးဝန်းအတွင်း စိုက်ပျိုးထားသော စဥ်ဆက်မပျက်ဟင်းသီးဟင်းရွက်စိုက်ခင်းတွင် ဘူး၊ ဖရုံ၊ သခွား မျိုးရင်းဝင်များတွင် ကျရောက်သော သီးထိုးယင်အား သီးထိုးယင်ထောင်ချောက်သုံး အသုံးပြုကာကွယ်နှိမ်နှင်းခြင်း နည်းပညာကွင်းသရုပ်ပြပွဲကိုကျင်းပရာ တိုင်းဒေသကြီး သီးနှံကာကွယ်ရေးတာဝန်ခံ ဦးမြင့်လွင် (လ/ထညွှန်ကြားရေးမှူး) ကသင်တန်းသား/သူများအား အသိပညာပေးရှင်းလင်းခဲ့ပြီး သိလိုသည်များကို ဖြေကြားပေးခဲ့သည်။

ယခု ဖွင့်လှစ်သောသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိနေကြာနှင့် ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးရာသီတွင် စိုက်ပျိုးသူတောင်သူများတစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာများကို ကွင်းဆင်းဆွေးနွေးဆောင်ရွက်နိုင်ရန်နှင့် တောင်သူများ လက်ဝယ်ရောက်ရှိပြီး နည်းပညာများလက်တွေ့အသုံးချကာ အထွက်နှုန်းပိုမိုရရှိပြီး ဝင်ငွေပိုမိုရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူ၏ပြောကြားချက်အရ သိရသည်။

သင်တန်းတွင် တိုင်းဒေသကြီး သီးနှံကာကွယ်ရေးတာဝန်ခံ ဦးမြင့်လွင် (လ/ထညွှန်ကြားရေးမှူး) က ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ပိုးမွှား/ရောဂါ ကာကွယ်နှိမ်နင်းခြင်း နည်းပညာများ ကိုလည်းကောင်း၊ တိုင်းသီးနှံကာကွယ်ရေးဌာနခွဲမှ ဒေါ်စန်းစန်းချို (ဦးစီးအရာရှိ)က မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) အကြောင်းကိုလည်းကောင်း၊ တိုင်းသီးနှံကာကွယ်ရေးဌာနခွဲမှ ဒေါ်သန်းသန်းဌေး (ဒု-ဦးစီးမှူး)က နေကြာသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ပိုးမွှား/ရောဂါကာကွယ်နှိမ်နင်းခြင်း နည်းပညာများ ကိုလည်းကောင်း၊ တိုင်းသီးနှံကာကွယ်ရေးဌာနခွဲမှ ဒုလက်ထောက်ဦးစီးမှူး ဒေါ်ခင်ညိမ်းစံက ဘက်စုံးသီးနှံပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းခြင်း(IPM)နည်းပညာများကို Power point ဖြင့် အသီးသီး ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပို့ချပေးခဲ့ပြီး သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။

အဆိုပါ သင်တန်းကို (၁) ရက်တာ ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းတွင် တိုင်းဒေသကြီးဦးစီးမှူးရုံး၊ တိုင်းဒေသကြီး မြေ၊မျိုး၊ပိုး ဓါတ်ခွဲခန်းရုံး၊ မုံရွာခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံး၊ ယင်းမာပင်ခရိုင်၊ မြို့နယ်များမှ စုစုပေါင်းဝန်ထမ်း (၆) ဦး နှင့် တိုင်းဒေသကြီးအတွင်းရှိ အခြားခရိုင်၊ မြို့နယ်များမှ Online စနစ်ဖြင့် (၁၉) ဦး တက်ရောက်ကြောင်း သိရှိရသည်

ခရိုင် (ပြန်/ဆက်)