ပြည် မတ် ၈
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ၂၀၂၄ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အကြို အမျိုးသမီး ကဏ္ဍဖွံ့ဖြိုးရေး စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ ပြည်ခရိုင် အမျိုးသမီးရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါ်အေးအေးသန့်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ခရိုင်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာခင်သူဇာဝင်းနှင့် Sister ဒေါ်သီတာဝင်းတို့က သားအိမ်ခေါင်းကင်ဆာရောဂါနှင့် သားဆက်ခြားခြင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတ အကြောင်းများကို လည်းကောင်း၊ Myanmar Positive Women Network (MPW) မှ ပြည်ဒေသတာဝန်ခံ ဒေါ်နိုင်နိုင်မော်နှင့် တော်ဝင်ခရေကွန်ယက် (ပြည်ဒေသကိုယ်စားလှယ်) ဒေါ်ဝင်းဝင်းခိုင်တို့က လိင်အကြမ်းဖက်မှု၊ အိမ်တွင်းအကြမ်းဖက်မှုနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာများကိုလည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းရုံး ဒုတိယဦးစီးမှူး ဒေါ်ဂျမ်းဂျမ်းအေးက လူမှုဝန်ထမ်းဦးစီးဌာန၏ အမျိုးသမီးကဏ္ဍ လှုပ်ရှားဆောင်ရွက်မှုများကိုလည်းကောင်း အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များကလည်း အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မည့် အကြောင်းများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
ယင်းနောက် ခရိုင်အမျိုးသမီးရေးရာကော်မတီ အဖွဲ့ဝင်၊ ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက် ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်နှင်းဆီရွှေက အမျိုးသမီးရေးရာ ယူနီဖောင်းအထည်များ ပေးအပ်လှူဒါန်းရာ ခရိုင်အမျိုးသမီးရေးရာ ကော်မတီ ဥက္ကဋ္ဌမှ လက်ခံခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ ပြည်ခရိုင် အမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌ၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာ ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် Myanmar Positive Women Network (MPW) မှ တာဝန်ရှိသူများ စုစုပေါင်း (၁၅) ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)