ပေါက်ခေါင်း မတ် ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲအခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က ကျောင်းသားလူငယ်များကျောင်းပိတ်ရက်တွင်အချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်ရန်၊ စိတ်ကူးဉာဏ်များရင့်သန်စေရန်နှင့် ပြောရဲဆိုရဲသည့်သတ္တိများရှိစေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဗဟုသုတဖြစ်ဖွယ်အသိပညာပေးဟောပြောခဲ့သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများ လူအများရှေ့တွင်ပြောရဲဆိုရဲသည့် သတ္တိများရှိစေရန်ရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲကျင်းပရာ အ.မ.က(မူလွန်)ရွာထောင်မှ Grade-6 ကျောင်းသား၊ ကျောင်းသူလေးများက ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိကြသူများကို မြို့နယ်ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်နှင့်ဆရာမများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများကိုလည်း လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်နှင့်သုတ၊ ရသစာအုပ်များနှင့်အခြားစိတ်ဝင်စားစရာ စာအုပ်များကိုလည်း ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)