လပွတ္တာမြို့နယ်တွင် ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

လပွတ္တာ မတ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ခွေးရူးရောဂါ ဗိုင်းရပ်(စ်)ကြောင့်ဖြစ်သော တိရစ္ဆာန်မှ လူသို့ ကူးစက်တက်သောရောဂါမှ ကြိုတင်ကာကွယ်ရန် ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်​နေ့ညနေပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အစည်းဝေးခန်မ၌ ကျင်းပပြုလုပ်ခဲ့သည်။

ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦစီးမှူး ဒေါက်တာအောင်နိုင်သိန်းက ခွေး၊ ကြောင်များကို အသိရှိရှိဖြင့် ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းသည် မိမိနှင့် မိသားစုကိုသာမက လူ့အဖွဲ့အစည်းတစ်ခုလုံးကို ခွေးရူးရောဂါအန္တရာယ်မှ ကာကွယ်နိုင်ကြောင်း၊ လူတွင်ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါမဖြစ်အောင် ကာကွယ်ရန်နည်းလမ်းများ၊ ခွေးရူးရောဂါမဖြစ်ပွားရန် ခွေးများကို ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံရန် လိုအပ်ကြောင်း အသိပညာပေး ရှင်းလင်းပြောကြားသည်။

ခွေးရူးရောဂါကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးကာပညာပေးလုပ်ငန်းများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ပြီး ခွေးရူးရောဂါကင်းစင် မြန်မာပြည်တစ်ခွင် ၂၀၃၀ တွင် ဆောင်ပုဒ်ရည်မှန်းချက်ကို အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းကျော်မြင့် (ပြန်/ဆက်)