မော်လမြိုင်ကျွန်း မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်မှာစကားပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆင့်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကို ထောက်ပံ့ကြေးပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။ ထိုနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးမှ မြို့နယ်ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများ(၂၀)ဦးအား တစ်ဦးလျှင် (၅၄၀၀၀)ကျပ်နှုန်းဖြင့် (၁,၀၈၀,၀၀၀)ကျပ်နှင့် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆင့်မှ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား သင်ထောက်ကူပစ္စည်းများအတွက် ထောက်ပံ့ငွေ (၁,၉၀၀,၀၀၀) ကျပ် စုစုပေါင်း (၂,၉၈၀,၀၀၀) ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းလွင်၊ အဖွဲ့ဝင်(၃) ဦးစောဝဏ္ဏ၊ အတွင်းရေးမှူး ရဲမှူး မိုးစိန်၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆင့်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)