ဇီးကုန်း မတ် ၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲများကျင်းပပြုလုပ်မည့် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူးဦးသက်လွင် ခေါင်းဆောင်သောတပ်ဖွဲ့ဝင်များသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကျင်းပမည့် အ.ထ.က(ဇီးကုန်း)နှင့် အ.ထ.က(လေးမျက်နှာ) ကျောင်းများသို့သွားရောက်၍ ကျောင်းဝန်းအတွင်း/အပြင် အမှိုက်သရိုက်များရှင်းလင်းရေး၊ ရေကန်များရေအပြည့်ဖြည့်ထားရန်၊ မီးချိတ်၊ မီးကပ်၊ ရေအိတ်၊ သဲအိတ်၊ မီးသတ်ဆေးဘူးများ အဆင်သင့်စီစဉ်ထားရှိရန် စာမေးပွဲခန်းများ အတွင်းသွယ်တန်းထားသော လျှပ်စစ်မီးကြိုးများကောင်းမွန်ခြင်းရှိမရှိတို့အား စစ်ဆေးပြီး သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ကျောင်းကော်မတီဝင်တို့အား အသိပညာပေးဆွေးနွေးခဲ့ကြသည်။
ဇီးကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပပြုလုပ်မည့် စာစစ်ဌာနနှစ်ခုရှိပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့အတွက် စစ်ဆေးစီမံဆောင်ရွက်ထားကြောင်း သိရသည်။
တင့်ဆွေ(ဇီးကုန်း)