တနင်္သာရီမြို့နယ် Community Centre အတွင်း နွေရာသီ ပန်းချီအခြေခံ(အခမဲ့)သင်တန်း ဖွင့်လှစ်

တနင်္သာရီ မတ်လ ၈

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသူ/သားများ ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးပြီး ဗဟုသုတတိုးပွားစေရန်၊ အချိန်ကိုအကျိုးရှိရှိအသုံးချတတ်စေရန်၊ ပန်းချီပညာကို အခြေခံပြီး ဖြတ်ထိုးဉာဏ် ရင့်သန်လာစေရန်၊ လူငယ်များအချင်းချင်း အပြန်အလှန် ပေါင်းသင်းဆက်ဆံတတ်စေရန်၊ အစုအဖွဲ့များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများ ရရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်  တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ နွေရာသီပန်းချီအခြေခံ (အခမဲ့) သင်တန်းကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) အတွင်း ယနေ့ နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်သည်။

၎င်းသင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပန်းချီဆရာများ၊ အထက- တနင်္သာရီ၊ အထက-မော်တုန်း၊ အမက-တပ်ဦးနှင့် အမက-ချောင်းငယ်ကျောင်းများမှ ဆရာ/မများနှင့် သင်တန်းသူ/သား(၂၉)ဦးတို့ တက်ရောက်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူး က အဖွင့်အမှာစကား ပြောပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးအေးစိုးက အမှာစကား ပြောကြားပေးသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းက ပန်းချီ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးပြီး ပန်းချီဆရာကို ဟိန်းသာသာက သင်ကြားပေးမည့် ပန်းချီအနုပညာ အခြေခံအကြောင်းများနှင့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ ပန်းချီအခြေခံရေးဆွဲနည်း သင်တန်း၌ သင်တန်းသူ/သား(၃၁)ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းဆရာကို ဟိန်းသာသာနှင့် သက်ဇာန်ရဲ (မော်တုန်း) တို့က သင်တန်းကာလ ၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက်မှ ၁၄ ရက် အထိ (၇)ရက် အကြာ စာတွေ့/ လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး မတ်လ ၁၅ ရက်နေ့တွင် ဆုချီးမြှင့်ပွဲနှင့် သင်တန်းဆင်းပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)