ဇီးကုန်း မတ် ၈
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၁)ရက်နေ့မှ စတင်ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ယခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း(ဇီးကုန်း)နှင့် အခြေခံပညာအထက်တန်းကျောင်း(လေးမျက်နှာ)စာစစ်ဌာနနှစ်ခုတွင် ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး အ.ထ.က(မြို့မ)တွင် အရံစာစစ်ဌာနထားရှိမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၄၈၈) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ စာစစ်ဌာနနှစ်ခုဖြစ်သော အ.ထ.က(ဇီးကုန်း)တွင်(၃၈၆)ဦး၊ အ.ထ.က(လေးမျက်နှာ)တွင် (၁၀၂)ဦး၊ စုစုပေါင်း(၄၈၈)ဦးဝင်ရောက်ဖြေဆိုရန် လျှောက်လွှာများတင်ထားပြီးဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများကို စာစစ်ဌာနကျောင်းများ၌ နေ့စဉ်(၉)နာရီမှ ညနေ(၄)နာရီခွဲအထိ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်များကို ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများပူးပေါင်းပြီး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် စာမေးပွဲဖြေဆိုချိန်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက်လိုအပ်သော စာစစ်ဌာနလုံခြုံရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် အခြားလုံခြုံရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)