သရက်ချောင်း မတ် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၈နာရီခွဲအချိန်က သရက်ချောင်းမြို၊ မြို့မရပ်ကွက်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးထွေးဦးက အခမ်းအနားသို့ တက်ရောက်လာသူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များကို ဆွေးနွေး ပြောကြားကာ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) တပ်မတော်အရာရှိ ဗိုလ်မှူးဟန်ဇော်ထွန်းမှ တပ်မတော်ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းရခြင်း အကြောင်းအရင်းကို တက်ရောက်လာသူများအား ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်တာဝန်ခံ ဥပဒေအရာရှိ ဦးအောင်မြင့်မြတ်ဦးမှ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ဥပဒေဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မှ ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် ပြည်သူအများစု စိုးရိမ်နေမှုများကို စိုးရိမ်ပူပန်ခြင်း မရှိစေရေးတို့အား ရှင်းလင်းခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်နန်းခလိုက်ရှုမှ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ social media မှ ဝါဒဖြန့်မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများနှင့်ပတ်သက်၍ ပြည်သူများ သတင်းအမှန် ဖတ်ရှုနိုင်စေရန် မိမိတို့ဌာနမှ ဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီးနောက် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာ အကြောင်းအရာများအား Video Clips Show ပြသရှင်းလင်းကာ အခမ်းအနား ရုပ်သိမ်းခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အကြောင်းအရာများပါ အသိပညာပေး သတင်းလက်ကမ်းစာစောင်များနှင့် အိမ်ပြန်အတွက် ဖိတ်ခေါ်သံ၊ စစ်မှုထမ်းဥပဒေစာအုပ်များကို ဖြန့်ဝေခဲ့ကြောင်း သတင်းရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)