ရှမ်းရွာသစ်မြို့တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ရှမ်းရွာသစ်  မတ်   ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင်  ဒေသနေပြည်သူများအနေဖြင့် အလွယ်တကူ ဖတ်ရှုနိုင်ပြီး အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင်များကို လစဉ် ပြသဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉) နာရီ အချိန်က လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း လုပ်ငန်းကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

အဆိုပါ အသိပညာပေး လုပ်ငန်းတွင် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နော်မုနော်ဂေက လူကုန်ကူးမှု ဖြစ်ပေါ်လာခြင်း၏ တွန်းအားပေးချက်များနှင့် ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများကို စကောကရင်ဘာသာဖြင့် အသိပညာပေး ဟောပြောပြီးနောက် ကမ္ဘာတစ်ဝန်းတွင် လူကုန်ကူးမှု ဖြစ်ပွားမှု အခြေအနေ၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ နည်းဗျူဟာ (၄) ရပ်၊ လူကုန်ကူးမှု၏ အစိတ်အပိုင်း (၃)ရပ်၊ လူကုန်ကူးခံရသူများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအမျိုးသားအဆင့် (၅)နှစ်စီမံကိန်း၏ ကဏ္ဍများ၊ လူကုန်ကူးမှုကို အဓိက ဆွဲဆောင်သော အကြောင်းအရာများ၊ လူကုန်ကူးခံရသူများကို အကူအညီပေးရမည့် လိုအပ်ချက်များနှင့် ပြစ်မှု၊ပြစ်ဒါဏ်များစသည့် လူကုန်ကူးမှုဆိုင်ရာ သိသင့်သိထိုက်သည့် အကြောင်းအရာများကို ပြသဆောင်ရွက်ထားရာ ကျောင်းသား/သူ လူငယ်လေးများက စိတ်ဝင်စားစွာကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)