နတ်တလင်း မတ် ၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မြို့မရပ်ကွက်၊ ရွှေလင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဦးတင်ဦးက ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်းရှင်းလင်းပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေသည် ၁၉၅၉ ခုနှစ်ကတည်းကစတင်ခဲ့ကာ ၂၀၁၀ ပြည့်နှစ်တွင် ခေတ်ကာလနှင့်အညီ ပြန်လည်ရေးဆွဲခဲ့ပြီး ယခုအချိန်မှသာ အာဏာတည်သက်ရောက်ခဲ့ရကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအား ယခင်ကာလများတွင် ကျင့်သုံးခြင်းမရှိသော်လည်း ယခုအခါပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးစသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိတာနှင့်အညီ စစ်ပညာသင်ကြားဖို့နှင့်နိုင်ငံတော် ကာကွယ်ရေးအတွက်စစ်မှုထမ်းဆောင်နိုင်ရန် ပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း၊ မိမိတို့၏ အိမ်နီးချင်းနိုင်ငံများတွင်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ရှေးယခင်ကာလကတည်းက ထောင်ပြုမြို့၊ ဆယ်ပြုမြို့၊ ရာပြုမြို့စတဲ့ စစ်မှုထမ်းဆောင်နိုင်ရန် မြို့ပြရွာများတည်ထောင်ဆောင်ရွက်ခဲ့တာများလည်းရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုတာသည် တပ်မတော်တွင်သာ တာဝန်ရှိတာမဟုတ်ဘဲ နိုင်ငံတစ်ဝန်းလုံးမှာရှိသော ပြည်သူလူထုတစ်ရပ်လုံးမှာ တာဝန်ရှိသည့်အတွက် ယခုပြဋ္ဌာန်းလိုက်တဲ့ပြည်သူ့စစ်မှုထမ်းဥပဒေကို အားလုံးက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ တာဝန်ထမ်းဆောင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးခင်မောင်တင့်က ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ ဥပဒေဆိုင်ရာအကြောင်းအရာများ၊ စစ်မှုထမ်းရမည့် အသက်အရွယ် အပိုင်းအခြား သတ်မှတ်ထားရှိမှု၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ရှောင်လွှဲပါက ကျခံရမည့်ပြစ်ဒဏ်များ၊ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် နိုင်ငံသူ၊ နိုင်ငံသားများ အနေဖြင့်စိုးရိမ်ရန်မလိုသည့် အကြောင်းအရာများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ လူမှုကွန်ရက်စာမျက်နှာများတွင် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် ကောလာဟလသတင်းများ ပျံ့နှံ့လာမှုအပေါ် ယုံကြည်မှုမရှိစေရန်စသည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီး နောက်တက်ရောက်လာသူများကလည်း သိလိုသည်များမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်တင့်၊ နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့သည်။
ဝေယံဖြိုး(ပြန်/ဆက်)