ရှမ်းရွာသစ်မြို့တွင် နွေရာသီ ကာလရောက်ပြီဖြစ်၍ စားဖိုဆောင်သီးနှံများစိုက်ပျိုးမှု နည်းပါးလာ

ရှမ်းရွာသစ် မတ် ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူအများစုသည် လယ်ယာလုပ်ငန်းနှင့် တောင်ယာလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြပြီး မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် ကျန်းမာရေး အထောက်အကူပြု စားဖိုဆောင် ရာသီစာဟင်းသီးဟင်းရွက်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် နွေရာသီရောက်ပြီဖြစ်၍ စားဖိုဆောင်သီးနှံများ စိုက်ပျိုးမှုနည်းပါးလာကြောင်း သိရသည်။

စားဖိုဆောင်သီးနှံများကို မိမိတို့၏ အိမ်ခြံမြေများနှင့် တောင်ယာများတွင် သဘာဝအော်ဂဲနစ် စနစ်ဖြင့် စိုက်ပျိုးထားသည့်အတွက် ကျန်းမာရေးနှင့် ညီညွတ်သည့်အပြင် ဒေသနေပြည်သူများ အများဆုံး နှစ်သက်ကြပြီး ထမင်းဝိုင်းတွင် မပါမဖြစ်စားသုံးကြသည့်အတွက် ပုံမှန်ရာသီအလိုက် စိုက်ပျိုးကြောင်း၊ အဆိုပါသီးနှံများ စိုက်ပျိုးသည့်အခါ တောင်သူများအား ကျန်းမာရေးနှင့် ညီညွတ်သော သီးနှံများရရှိရေးအတွက် မြို့စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း နည်းပညာ ပံ့ပိုးမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအချိန်တွင် နွေရာသီရောက်ပြီဖြစ်၍ အပင်အထွက်နှုန်းများ အောင်မြင်ဖြစ်ထွန်းမှု နည်းပါးသည့်အတွက် ဒေသနေပြည်သူအနည်းစုသာ ငရုပ်ပင်၊ ခရမ်းပင်၊ ဘူးပင်နှင့် သခွားပင်များကို စိုက်ပျိုးကြသဖြင့် မိသားစု အိမ်တွင်းစားသုံးရန် အတွက်သာ အဆင်ပြေကြောင်း အမှတ် (၄) ရပ်ကွက်မှ စားဖိုဆောင်သီးနှံ စိုက်ပျိုးသည့် ဒေသနေ ပြည်သူတစ်ဦးထံမှ သိရသည်။

ဇင်လေး(ပြန်/ဆက်)