မြိတ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူ(၁၂၂၄)ဦး ဝင်ရောက်ဖြေဆိုကြမည်

မြိတ် မတ် ၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် (၂၀၂၄)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၄) ခုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသား/သူ(၁၂၂၄)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကာ စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကျောင်းသား/သူများ စာမေးပွဲကို အဆင်ပြေ ချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် တာဝန်ရှိသူများမှ စာမေးပွဲကျင်းပမည့် စာစစ်ဌာန ကျောင်းများ ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း  မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

မြိတ်မြို့နယ်တွင် အထက(၁)မြိတ် စာစစ်ဌာန၊ အထက(၂)မြိတ် စာစစ်ဌာန၊ အထက(ကျွဲကူး) စာစစ်ဌာနနှင့် အထက(အင်္ဂမော်) စာစစ်ဌာန ကျောင်းများဖြင့်  စုစုပေါင်း စာစစ်ဌာန(၄)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို ကြမည့် ကျောင်းသား (၄၆၆) ဦး၊ ကျောင်းသူ (၇၅၈)ဦး စုစုပေါင်း စာရင်းရှိ(၁၂၂၄)ဦးရှိသည်။ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရန်၊ စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိသည်။

ထို့အတူ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူများ စာမေးပွဲ လာ‌ရောက်ဖြေဆိုရာတွင် အဆင်ပြေချောမွေ့မှု ရှိစေရေး၊ စာစစ်ဌာနကျောင်းများ အပြင်စည်း အတွင်းစည်း လုံခြုံရေးနှင့် စာစစ်ဌာနများအလိုက် စာမေးပွဲဆိုင်ရာ ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ထားရှိပြီးဖြစ်ကာ စာစစ်ဌာန ကျောင်းများရှိ စာစစ်မှူးရုံးခန်း၊ စာဖြေခန်းများ၊ ကျန်းမာရေးခန်း၊ သန့်စင်ခန်း၊ စာဖြေအဝင်အထွက် ဂိတ်များကို ပြင်ဆင် ထားရှိပြီးဖြစ်ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက်)