ကလိန်အောင် မတ် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့အတွင်းရှိ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် ရည်ရွယ်၍ ဒေသနှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုဆိုင်ရာ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကလိန်အောင်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ခင်ခင်လဲ့က သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် ပြောကြားပြီး ယခုလိုမျိုး အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်း လူသုံးကုန်ထုတ်လုပ်မှု သင်တန်းကို လူငယ်လူရွယ်များ တက်ရောက်ကြ၍ သင်တန်းသူများကိုလည်း လူသုံးကုန်ပစ္စည်းများဖြစ်သော ဆပ်ပြာရည်ပြုလုပ်မှု အဆင့်ဆင့်ကို သင်ကြားပေး၍ လူငယ်များအတွက် အကျိုးရှိစေမည့် နောက်ထပ်အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပညာရပ်များကို ဆက်လက်ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့်လည်း တက်ရောက်စေလိုကြောင်း ပြောကြားသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှု သင်တန်းကို ကလိန်အောင်မြို့အတွင်းရှိ သင်တန်းသူ လူငယ်(၁၀)ဦးခန့် တက်ရောက်၍ သင်တန်းနည်းပြ ဆရာမ(၁)ဦးမှ ဆပ်ပြာရည် ပြုလုပ်မှု အဆင့်ဆင့် ပြုလုပ်ပုံစံအမျိုးမျိုးကို မတ် ၇ ရက်မှ ၈ ရက်နေ့အထိ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)