ငွေဆောင် ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အ.ထ.က (ငွေဆောင်) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေစဥ်အတွင်း မီးဘေးလုံခြုံစေရေးအတွက် မြို့မီးဘေး လုံခြုံရေးအဖွဲ့မှ ယမန်နေ့ နံနက် (၉) နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ အ.ထ.က (ငွေဆောင်) စာစစ်ဌာန မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးရာတွင် မြို့မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ မြို့လက်ထောက်မီးသတ် ဦးစီးမှူး ဦးကောင်းပြည့်စုံနှင့် မီးဘေးလုံခြုံရေး အဖွဲ့ဝင်(၃)ဦး၊ လျှပ်စစ်ကျွမ်းကျင်-၃ ဦးနိုင်ဦးတို့မှ ကျောင်းဝန်းအတွင်း မီတာဘောက်များ တပ်ဆင်ထားရှိမှုအခြေအနေ၊ မီးပလပ်ခုံများ၊ ပလပ်ပေါက်များ ပျက်စီးယိုယွင်းမှုရှိ/မရှိ၊ မီးသတ်ဆေးဘူးများ ထားရှိမှုနှင့် အသုံးပြု၍ ရ/မရတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့နောက် စာမေးပွဲခန်းများအတွင်း၌လည်း မီးဘေးလုံခြုံမှု ရှိ/မရှိ လိုက်လံစစ်ဆေးကာ မီးဘေးလုံခြုံစေရေး လိုက်နာရမည့်အချက်များကို အ.ထ.က (ငွေဆောင်)ကျောင်းအုပ်ဆရာမကြီး ဒေါ်အေမီသိန်းအား မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
R – 014 (ငွေဆောင်)