ကျွန်းစု နိုဝင်ဘာ ၄
ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ ကျွန်းစုမြို့နယ် ပြင်ထပ်အော်ကျေးရွာ၊ ဓမ္မရက္ခိတကျောင်းရှိ ဆရာတော်၊ သံဃာတော်များ အခက်အခဲမရှိစေရေး အတွက် ယမန်နေ့ နံနက်ပိုင်းက ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။
လှူဒါန်းရာတွင် တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူး ဗိုလ်မှူးကြီးသိန်းထူးဦးစီးပြီး အရာရှိများ၊ စစ်သည်များသည် ဓမ္မရက္ခိတကျောင်းရှိ ကျောင်းထိုင်ဆရာတော်နှင့် သံဃာတော်များအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး၊ ဆန်(၁၀)အိတ်၊ ဆီ(၁၀)ဘူးနှင့် ပရိက္ခရာများ၊ အလှူတော်ငွေ (၃၀၀၀၀/-)စသည့် လှူဖွယ်ပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် အထောက်အကူ ဖြစ်စေရန် Mask များ၊ လက်သန့်ဆေးရည်ဘူးများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်၊ သံဃာတော်များ ဆွမ်းကွမ်း အခက်အခဲ မရှိစေရန်အတွက် နေ့ဆွမ်း ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းခြင်းများအား တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ ကိုဗစ်-၁၉ ကာလအတွင်း အပတ်စဉ် ကျွန်းစုမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း၊ စာသင်တိုက်များနှင့် စစ်မှုထမ်းဟောင်း များအား ထောက်ပံ့လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းကျော်စော (ပြန်/ဆက်)