ပုသိမ် မတ် ၈
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့နယ်၊ မကျီးဇင်ကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆွေးနွေးခဲ့ကြကာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ များအား တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မကျီးဇင်ကျေးရွာ တိုက်နယ်ဆေးရုံသို့ ရောက်ရှိ၍ ဆေးရုံတက်ရောက်ကုသနေသည့် လူနာများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေး စကားများပြောကြားခဲ့ပြီး ဆေးဝါးများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့သည်။ ထို့နောက် မကျီးဇင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ Grade-12 စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မကျီးဇင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ စေတနာဆောင်၌ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကွင်းဆင်းလာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်း ရေး၊ ဖွံဖြိုးတိုးတက်ရေးအတွက် တပ်မတော်၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာန ဆိုင်ရာများနှင့် ပြည်သူများက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား လာရောက်ဆောက်ရွက်ရင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းဖြစ်ပါကြောင်း၊ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား ပွင့်ပွင့် လင်းလင်းဆွေးနွေးအကြံပြုပေးကြစေလိုကြောင်း” ဆွေးနွေးပြောကြားခဲ့ပြီး တိုင်းမှူးက နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူအားလုံးပူးပေါင်းပါဝင်နိုင်ရေး ကိစ္စရပ်များကို ဆက်လက်ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ပညာရေး၊ ကျန်းမာရေးဌာနများမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ၏ အထွေထွေဆွေးနွေးတင်ပြချက်ချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးက ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကာ ပညာ့အလင်း ကျောင်းစာကြည့်တိုက်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘောမိကျေးရွာသို့ ရောက်ရှိ၍ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၄)၊ တံတားအထူးအဖွဲ့(၁၅)မှ ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်သည့် တံတားအရှည် (၁၃၅၀)ပေ၊ တံတားအမျိုးအစား အုတ်မြစ် - Bored Pile ၊ အောက်ထည် - R.C Concrete၊ အပေါ်ထည် - PC Girder & R.C Slab ၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၇၅ ပေ၊ ရေလမ်း ကင်းလွတ်အမြင့် ၂၀ ပေရှိ ငရုတ်ကောင်း-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးဇင်-ကျောက်ချွန်-ဂွလမ်းပေါ်တွင် ဘောမိချောင်းတံတားတည်ဆောက်ခြင်း စီမံကိန်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ စီမံကိန်းရှင်းလင်းဆောင်တွင် တံတားအထူးအဖွဲ့(၁၅)မှ တာဝန်ရှိသူ တစ်ဦးက စီမံကိန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေရရှိမှု၊ ဆက်လက်ဆောင်ရွက် မည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စီမံကိန်းလုပ်ငန်း များ အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီစီးစေရေးနှင့် လုပ်ငန်း ခွင် အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မကျီးဇင်ကျေးရွာသို့ ရောက်ရှိ၍ မကျီးဇင်ကျေးရွာ၊ သာသနာသုခကာရီကျောင်းတိုက် ဆရာတော်နှင့် ပေါက်တူးကွင်းကျေးရွာ ပညာတံခွန်ကျောင်းတိုက်ဆရာတော်တို့အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများဆက်ကပ် လှူဒါန်းခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)