ရေနံချောင်းမြို့နယ်တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံအားကစားနည်းသင်တန်းများ ဖွင့်လှစ်

ရေနံချောင်း မတ် ၈

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိးရှိစွာ အသုံးချတတ်စေရန်နှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးကော်မတီ၊ မြို့နယ်အားကစားဆပ်ကော်မတီနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ အခြေခံအားကစားနည်းသင်တန်းများကို ယခုလ ၅ ရက်နေ့ကစတင်၍ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အားကစားနည်းများတွင် အခြေခံဘောလုံးအားကစားနည်းနှင့် စာပွဲတင်တင်းနစ်သင်တန်းများကို မြို့နယ်ပြည်သူ့အားကစားကွင်းတွင်လည်းကောင်း၊ အခြေခံဘော်လီဘောအားကစားနည်းသင်တန်းကို ဘေးမဲ့ရပ်ကွက်ဘော်လီဘောကွင်းတွင် လည်းကောင်း၊ အမျိုးသမီးအခြေခံပိုက်ကျော်ခြင်းအားကစားနည်းသင်တန်းကို ဘူးကျွန်းကျေးရွာ ပိုက်ကျော်ခြင်းကွင်းတွင်လည်းကောင်း၊ ရိုးရာခြင်းလုံးအားကစားနည်းသင်တန်းကို အောင်သပြေခြင်းလုံးအားကစားရုံတွင်လည်းကောင်း အသီးသီးသင်ကြားပေးလျက်ရှိသည်။

အဆိုပါသင်တန်းများကို မတ် ၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် အားကစားကို စိတ်ပါဝင်စားကြသည့် ကျောင်းသား ကျောင်းသူများနှင့် ရပ်ကွက်/ကျေးရွာများရှိ လူငယ်လူရွယ်များ စုစုပေါင်း ၁၃၅ ဦးခန့် တက်ရောက်သင်ယူလျက်ရှိကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)