မကွေးတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

မကွေး မတ် ၈

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဦးတည်ချက်ဆောင်ပုဒ်မှာ “Invest in Women Accelerate Progress” “အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင်မြှုပ်နှံပေး”ဖြစ်ပြီး မကွေးတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးအတွင်း အမျိုးသမီးများအရေးကို ဆောင်ရွက်ကြသည့် အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နှစ်စဉ်မတ်လ ၈ ရက်နေ့ရောက်တိုင်း ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးထုကို ကိုယ်စားပြုတဲ့နေ့အဖြစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားတွေ ကျင်းပကြကြောင်း၊ မိမိတို့နိုင်ငံမှာလည်း မြန်မာအမျိုးသမီးထုရဲ့ အခန်းကဏ္ဍအရေးပါမှုကို ထင်ဟပ်ပေါ်လွင်စေဖို့ အခုလိုအခမ်းအနားများ ကျင်းပခြင်းဖြစ်ပြီး နိုင်ငံတော်အနေနဲ့ အမျိုးသမီးများကို အထူးတန်ဖိုးထား အသိအမှတ်ပြုကြောင်း ပြသခြင်းပဲဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ကုလသမဂ္ဂကချမှတ်ပေးတဲ့ ဦးတည်ချက်ဆောင်ပုဒ်ကတော့ “Invest in Women Accelerate Progress” “အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး”ဖြစ်ပါကြောင်း၊ ယခုနှစ် ဆောင်ပုဒ်ဟာနိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးစတဲ့ ကဏ္ဍစုံမှာ အမျိုးသမီးများ ပါဝင်ဆောင်ရွက်ခြင်းဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍပိုမိုတိုးတက်လာရန်၊ ပြောင်းလဲတိုးတက်လာသော ခေတ်ရေစီးကြောင်းတွင် အမျိုးသားများနည်းတူ အမျိုးသမီးများ လက်လှမ်းမှီရရှိနိုင်စေရန်၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်များတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်ခြင်းဖြင့် အမျိုးသမီးများ မိမိကိုယ်ကိုမိမိ ယုံကြည်မှုရှိလာစေရန်နဲ့ အမျိုးသမီးများ၏ စွမ်းပကား၊ အမျိုးသမီးများ ပါဝင်ဆောင်ရွက်မှု တိုးတက်လာစေရန် ရည်ရွယ်ကြောင်း၊ နိုင်ငံလူဦးရေထက်ဝက်ကျော်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးများဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်မှာ အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေနဲ့လည်း ဒီလိုများပြားလှတဲ့ မြန်မာ့အမျိုးသမီးထုကြီး ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးရမှာဖြစ်သလို အမျိုးသမီးများအနေဖြင့်လည်း ကဏ္ဍစုံမှာအမျိုးသားတွေနဲ့ ရင်ပေါင်တန်းပြီး ပါဝင်ဆောင်ရွက်နိုင်ဖို့ အမျိုးသမီးတိုင်းစာတတ်မြောက်ရေး၊ အသိဉာဏ်ဗဟုသုတဖွံ့ဖြိုးရေး၊ ကိုယ်ရည်ကိုယ်သွေးပြည့်ဝရေးကို ရှေးရှုပြီး လေ့လာအားထုတ်ပေးကြရန်နှင့် ခေတ်အဆက်ဆက် စွမ်းရည်ထက်မြက်ကြတဲ့ မြန်မာအမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုတွေကို အတုယူပြီး မျိုးဆက်သစ် မြန်မာအမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုနဲ့ စွမ်းရည်မြှင့်မားရေးကို ဦးတည်ကြိုးပမ်းအားထုတ်ကြဖို့ ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ဆန္ဒပြုတိုက်တွန်းမှာကြားလိုကြောင်းစသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသည့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ချက်မှတ်တမ်းတင်ဗွီဒီယိုပြသပြီး၊ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီးချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ကာ၊ ဖျော်ဖြေရေး အကအလှအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ပြီး၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူခဲ့ကြောင်း သိရသည်။

မောင်ညီညာ