တနင်္သာရီ နိုဝင်ဘာ ၄
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ပညာရေးမိသားစု၏ ရွှေရီပညာစာနာဖေးကူညီမှု အသင်းမှတာဝန်ရှိသူများက ယမန်နေ့က တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု-တကူ (စံပြ) တိုက်နယ်ဆေးရုံတွင် အဝီစိတွင်းတူးဖော်ရန်နှင့်အခြားလိုအပ်သည့် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်ရည်ရွယ်၍ အလှူငွေ(၅သိန်း)ကျပ်ကို တကူ(စံပြ) တိုက်နယ်ဆေးရုံ ရုံးခန်းအတွင်း တာဝန်ခံဆရာဝန် ဒေါက်တာဖြိုးမြင့်ကြည်ထံ လှူဒါန်းပေးကြောင်း သိရှိရသည်။
ယင်းသို့လှူဒါန်းရာ၌ တနင်္သာရီမြို့နယ် ပညာရေးမိသားစု၏ ရွှေရီပညာစာနာဖေးကူညီမှု အ သင်း(ကိုယ်စား)အထက(ခွဲ)သာရဘွင်ရွာကျောင်းအုပ်ဆရာမကြီးဒေါ်ခိုင်ခိုင်ဝင်း၊ အထက(ခွဲ)သိန္ဒောရွာ ကျောင်းအုပ်ဆရာမကြီးဒေါ်စိုးစိုးဝင်းနှင့် ဆရာဦးမင်းပြည့်စိုးတို့က အလှူငွေ(၅)သိန်းကျပ်အားလှူဒါန်းပေးရာ ဒေါက်တာဖြိုးမြင့်ကြည်ကလက်ခံရယူပြီး၊ ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကြောင်း သိရသည်။
ထိုတနင်္သာရီမြို့နယ်ပညာရေးမိသားစု၏ ရွှေရီပညာစာနာပေးကူညီမှုအသင်းသည် လက်ရှိဖြစ်ပွါးနေသော ကိုဗစ်-၁၉ ရောဂါ ကာလအတွင်းအရေးပေါ်အသုံးပြုနိုင်ရန်အတွက် ပထမအကြိမ်
အဖြစ် ပုလောမြို့နယ်ပြည်သူ့ဆေးရုံသို့တန်ဖိုးငွေ(၆၅၀၀၀၀/-)ကျပ်ရှိ အောက်ဆီဂျင်စက်(တစ်)လုံးကိုလည်းကောင်း၊ (ဒုတိယ)အကြိမ်တွင် ကုတင်(၅၀)ဆံ့၊ တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးသိုလှောင်ရုံမှာ ဆေးတင်စင်ပြုလုပ်ရန်(၈၀၀၀၀၀/)ကိုလည်းကောင်း၊ (တတိယ)အကြိမ်အဖြစ် တကူ (စံပြ)တိုက်နယ်ဆေးရုံ၌အရေးပေါ်အသုံးပြုနိုင်ရန် (၈၈၀၀၀၀)ကျပ်တန်ဖိုးရှိသည့် Patient Monitor စက်(တစ်)လုံးကိုလည်းကောင်း စုပေါင်းထည့်ဝင်ငွေဖြင့်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း၊ ယခုအကြိမ်သည်(စတုတ္ထ)အကြိမ်အဖြစ် လှူဒါန်းခြင်းဖြစ်ကြောင်း မှတ်တမ်းများအရ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)