မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်

မကွေး မတ် ၈

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ကုလသမဂ္ဂကချမှတ်ပေးတဲ့ ဦးတည်ချက်ဆောင်ပုဒ်ကတော့ “Invest in Women Accelerate Progress” “အရှိန်အဟုန်ဖြင့် တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး” ဖြစ်ပါကြောင်း၊ ယခုနှစ် ဆောင်ပုဒ်ဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးစတဲ့ ကဏ္ဍစုံမှာ အမျိုးသမီးများပါဝင် ဆောင်ရွက်ခြင်းဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ ပိုမိုတိုးတက်လာရန်၊ ပြောင်းလဲတိုးတက်လာသော ခေတ်ရေစီးကြောင်းတွင် အမျိုးသားများနည်းတူ အမျိုးသမီးများ လက်လှမ်းမှီရရှိနိုင်စေရန်၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်များတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်ခြင်းဖြင့် အမျိုးသမီးများ မိမိကိုယ်ကိုမိမိ ယုံကြည်မှုရှိလာစေရန်နဲ့ အမျိုးသမီးများ၏ စွမ်းပကား၊ အမျိုးသမီးများ ပါဝင်ဆောင်ရွက်မှု တိုးတက်လာစေရန် ရည်ရွယ်ကြောင်း၊ နိုင်ငံလူဦးရေ ထက်ဝက်ကျော်ကို ကိုယ်စားပြုတဲ့အမျိုးသမီးများဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်မှာ အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ နိုင်ငံတော် အနေနဲ့လည်းဒီလို များပြားလှတဲ့ မြန်မာ့အမျိုးသမီးထုကြီး ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးရမှာ ဖြစ်သလို အမျိုးသမီးများအနေဖြင့်လည်း ကဏ္ဍစုံမှာ အမျိုးသားတွေနဲ့ ရင်ပေါင်တန်းပြီး ပါဝင်ဆောင်ရွက်နိုင်ဖို့ အမျိုးသမီးတိုင်း စာတတ်မြောက်ရေး၊ အသိဉာဏ် ဗဟုသုတဖွံ့ဖြိုးရေး၊ ကိုယ်ရည်ကိုယ်သွေး ပြည့်ဝရေးကို ရှေးရှုပြီး လေ့လာအား ထုတ်ပေးကြရန်နှင့် ခေတ်အဆက်ဆက် စွမ်းရည်ထက်မြက်ကြတဲ့ မြန်မာအမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုတွေကို အတုယူပြီး မျိုးဆက်သစ် မြန်မာအမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုနဲ့ စွမ်းရည် မြှင့်မားရေးကို ဦးတည်ကြိုးပမ်းအားထုတ်ကြဖို့ ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ဆန္ဒပြုတိုက်တွန်း မှာကြားလိုကြောင်း ကြောကြားသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ချက် ဗွီဒီယိုပြသပြီး ကျောင်းသား၊ ကျောင်းသူလေးများက တေးသီးချင်းများဖြင့် ဖျော်ဖြေတင်ဆက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)