သဲကုန်း မတ် ၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာန (၄) ခုတွင် ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါမီးဘေးလုံခြုံရေးစစ်ဆေးမှုကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းထိုက်နှင့် တပ်ဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် အခြေခံပညာအထက်တန်းကျောင်းများတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများ ဖြေဆိုနေစဉ်ကာလအတွင်း မီးသတ်ဆေးဘူးထားရှိမှု အခြေအနေ၊ ကျောင်တွင်းသန့်ရှင်းမှုရှိစေရေး၊ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေး၊ မီးဘေးလုံခြုံမှုရှိစေပြီး ကျောင်းတွင်း ကျောင်းပြင်ပလုံခြုံမှုရှိစေရေးနှင့် စိတ်အေးချမ်းစွာ ဖြေဆိုနိုင်စေရန်အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် စာစစ်ဌာနများဖြစ်သည့် အ.ထ.ကသဲကုန်း၊ အ.ထ.က-ပုတီးကုန်း၊ အ.ထ.က-ဆင်မြီးဆွဲ၊ အ.ထ.ကအင်းမတို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၄၂) ဦးတို့ ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာတင်ထားကြောင်း သိရသည်။
ကိုကျော် (ပြန်/ဆက်)