ဆင်ပေါင်ဝဲ မတ် ၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မီးဘေးအန္တရာယ်မရှိစေရေးအတွက် ယနေ့ မွန်းလွှဲ ၁၂ နာရီအချိန်က လက်ပန်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဆန်းဝင်းဦးဆောင်၍ မြို့နယ်လက်ထောက်မီးသတ်ဦးစီးမှူး ဦးချစ်ထွေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့များက လက်ပန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ ရောက်ရှိ၍ စာမေးပွဲအခန်းပြင်ဆင်ထားရှိမှုအခြေအနေများ၊ ရေရရှိမှုအခြေအနေ၊ မီးသတ်ဆေးဘူးထားရှိမှုအခြေအနေ၊ လျှပ်စစ်သုံးစွဲမှုအခြေအနေ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပြင်ဆင်ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို အကြံပြုပေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စာစစ်ဌာနတိုင်းတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ အသင့်အနေထားဖြင့် တာဝန်ထမ်းဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)