ပန်းတနော် နိုဝင်ဘာ ၄
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ရာ အသက် ၆၀ နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ၊မသန်စွမ်းသူများနှင့် နာမကျန်းသူများ လွယ်လင့်တကူ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးအတွက် ပန်းတနော်မြို့နယ် အတွင်းရှိ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက ကြိုတင်ဆန္ဒမဲများကို နိုဝင်ဘာ ၂ ရက်နေ့မှ စတင်၍ လိုက်လံကောက်ယူလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများက ကြိုတင်ဆန္ဒမဲများပေးလျက်ရှိ ကြသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲပေးရာတွင် ရပ်ကွက် ကျေးရွာအတွင်းရှိ မဲရုံများသို့ ကြိုတင်ဆန္ဒမဲများ လာရောက်ပေးနိုင်ခြင်းမရှိသည့် အသက် ၆၀နှစ် နှင့် အထက်သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် နာမကျန်းသူများ၏ နေအိမ်များသို့ အိမ်တိုင်ရာရောက် လိုက်လံကောက်ယူ ပေးလျက်ရှိကြောင်း သိရသည်။ ကြိုတင်ဆန္ဒမဲများကိုအသက် ၆၀နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ၏ ဆန္ဒမဲပေးမည့် အခွင့်အရေး မဆုံးရှုံးစေရန်အတွက် အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၅ ရက်နေ့အထိ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ လာရောက်မဲပေးနိုင် ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်တွင် ရပ်ကွက် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၂ အုပ်စုရှိပြီး မဲရုံပေါင်း ၂၁၇ ရုံ လျာထား ဖွင့်လှစ်မည်ဖြစ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စုစုပေါင်း ၂၀၁၄၈၉ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)