ဂန့်ဂေါ နိုဝင်ဘာ ၄
ဂန့်ဂေါမြို့နယ်အတွင်း ကိုဗစ် - ၁၉ ကုစားမှုအစီအစဉ်၏ ထောက်ပံ့မှုအစီအစဉ်အရ စိုက်ပျိုးထားသော ဆင်းသုခစပါး မျိုးစေ့ထုတ်စိုက်ခင်းများတွင် အထွက်နှုန်းခန့်မှန်း သိရှိနိုင်ရန်အတွက် စပါးစံကွက်ရိတ်သိမ်းခြင်း လုပ်ငန်း ကို နိုဝင်ဘာလဆန်းမှစတင်ကာ ဆောင်ရွက်နေကြပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ဂန့်ဂေါမြို့နယ် ကန်ကျေးရွာ တောင်သူ ဦးသားဇော် နှင့် ဒေါ်ခင်ပေါတို့၏ ဆင်းသုခမျိုးစေ့ထုတ် စပါးစိုက်ခင်း တွင် နိုဝင်ဘာ ၃ ရက်က စံကွက်ရိတ်သိမ်းရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ ကန်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးတင်ဇော်မင်းနှင့် တောင်သူများ စုပေါင်းရိတ်သိမ်းကြပြီး အနီးပတ်ဝန်းကျင်လယ်များမှ တောင်သူများ တက် ရောက်လေ့လာကြသည်။
စံကွက်ရိတ်သိမ်းရာတွင် တောင်သူ ၂ ဦး၏လယ်မှ တစ်ဧကလျင် အစိုအထွက်နှုန်း ၁၀၁ ဒသမ ၅၆ တင်းနှုန်း နှင့် ၉၃ ဒသမ ၇၅ တင်းနှုန်း အသီးသီးထွက်ရှိကြကြောင်းနှင့် စပါးမျိုးစေ့ထုတ်လုပ်ရာတွင် မျိုးသန့်စပါးများရရှိရေးအတွက် အပင်ပွါးစည်းချိန်၊ အနှံထွက်ပန်းပွင့်ချိန်နှင့် ရင့်မှည့်ချိန်ကာလများတွင် မျိုးကွဲနှုတ်ပယ်ကြရပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးကြကြောင်းနှင့် မျိုးကွဲနှင့် ဆန်နီပေါင်းမြက် ရောဂါရအနှံများ ကင်းစင်မှသာ ရိတ်သိမ်းကြခြင်းဖြစ်ကြောင်း သိရသည်။
တောင်သားမောင်သန်း