တမူး မတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို မတ်လ (၇)ရက်နေ့ နေ့လယ်(၂)နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်မှ သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာ ဦးခင်မောင်ထွေးမှ သင်တန်းစည်းကမ်းချက်များနှင့် သင်ကြားပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ကျောင်းသား/ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/ ကျောင်းသူများအား ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ပန်းချီရေးဆွဲနည်းပညာကို စိတ်ပါဝင်စားသော ကလေးငယ်များအား ပန်းချီပညာကို အခြေခံမှစတင်လေ့လာနိုင်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပန်းချီပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်ရာတွင် အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ပြီး သင်တန်းနည်းပြ ဆရာဦးခင်မောင်ထွေး မှအခြေခံပန်းချီရေးဆွဲနည်းများ၊ မျဥ်းအကြောင်း၊ ဆတိုး/ဆခွဲနည်း၊ ကာတွန်းခေါင်းပုံသဏ္ဍန်ရေးဆွဲနည်း(မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်)၊ ခန္ဓာကိုယ်ရေးဆွဲနည်း၊ ကာတွန်းအချိုး အစား၊ သစ်ပင်ပန်းမာလာရေးဆွဲနည်း၊ အနီးအဝေးနည်းပညာ၊ အရာဝတ္ထုရေးဆွဲနည်းများကို မတ်လ( ၇)ရက်နေ့မှ မတ်လ(၂၀)ရက်နေ့ထိ (၂) ပတ်ကြာ ကျောင်းသား/ကျောင်းသူ(၃၀ )ဦးတို့အားဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရတနာ