မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မီးဘေးလုံခြုံရေး အသိပညာပေး ဇာတ်တိုက်သရုပ်ပြဆောင်ရွက်

အထက်မင်းလှ မတ် ၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်လုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မင်းလှမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးကျော်စိုးလင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးရခြင်း ရည်ရွယ်ချက်များ၊ မီးလောင်မှု အခြေခံသဘောတရားများ မီးငြှိမ်းသတ်နည်းစနစ်များ၊ မီးအတန်းအစား ခွဲခြားခြင်းများ၊ လျှပ်စစ်မီး‌လောင်မှုဖြစ်စေသည့် အဓိကအ ကြောင်းအရင်းများ၊ လျှပ်စစ်ဝါယာရှော့မဖြစ်အောင် ကာကွယ်ရမည့် နည်းလမ်းများ၊ မီးကိုမပေါ့ဆကြရန်နှင့် မီးလောင်ပါက ပစ္စည်းဆုံးရှုံးမှုသာမက  အသက်အိုးအိမ်များပါ ပျက်စီးဆုံးရှုံးတတ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် လက်တွေ့မီးငြှိမ်းသတ်ခြင်း လေ့ကျင့်မှုများအဖြစ် ရိုးရိုးမီး၊ ဆီမီး၊ Gas မီးလောင်မှုများကို လက်တွေ့ငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး၊ မီးသတ်ပိုက်ဖြင့် လက်တွေ့သရုပ်ပြသပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား မီးငြှိမ်းသတ်ခြင်း လက်တွေ့ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)