ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံ ထောပတ်ပဲ တစ်တင်း ငွေကျပ် (၁၁၆၀၀၀) ဈေးဖြင့် ရောင်းချနေရ

ပွင့်ဖြူ မတ် ၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ထောပတ်ပဲသီးနှံ စိုက်ခင်းများ လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ သီးနှံပေါ်ဦးပေါ်ဖျား တစ်တင်းလျှင် ငွေကျပ် (၁၁၆၀၀၀) ဈေးဖြင့် ရောင်းချနေရ၍ ယခုနှစ်တွင် ဆောင်းသီးနှံ ထောပတ်ပဲစိုက်ပျိုးတောင်သူများ သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိကြောင်း ပွင့်ဖြူမြို့နယ် အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။

ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာ ယခုနှစ် ဆောင်းသီးနှံရာသီက စိုက်ပျိုးခဲ့တဲ့ ထောပတ်ပဲစိုက်ခင်းတွေဟာ စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ ယခုဆိုရင် ထောပတ်ပဲစိုက်ခင်းတွေက ရိတ်သိမ်းခြွေလှေ့လို့ ရပြီဖြစ်လို့ ဒေသခံတောင်သူတွေက နွေသီးနှံစိုက်ပျိုးနိုင်ဖို့အတွက် လှိုင်လှိုင်ရိတ်သိမ်း ခြွေလှေ့နေကြတယ်။ သီးနှံအထွက်နှုန်းအနေနဲ့က တစ်ဧကကို ပျမ်းမျှ (၂၅) တင်းလောက် ထွက်ရှိပါတယ်။ ပိုးမွှားရောဂါကျရောက်မှု မရှိတာကြောင့် ပြီးခဲ့တဲ့နှစ်တွေကထက် အထွက်နှုန်း ပိုကောင်းတယ် ပြောရမှာပေါ့။ သီးနှံဈေးနှုန်းကလည်း ယခင်နှစ်ကထက် ဈေးပိုရတယ်ဗျ။ ယခင်နှစ်က ထောပတ်ပဲ တစ်တင်းကို ငွေကျပ် ၈၀၀၀၀ ဝန်းကျင်လောက်ပဲ ဈေးရတယ်။ ဒီနှစ်မှာ ပေါ်ဦးပေါ်ဖျားကိုပဲ တစ်တင်းကို ငွေကျပ်  (၁၁၆၀၀၀) ဈေးနဲ့ ရောင်းချရတော့ ထောပတ်ပဲစိုက်ပျိုးတဲ့ တောင်သူတွေ သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိပါတယ်။ ထောပတ်ပဲ စိုက်ခင်းတွေသိမ်းဆည်းပြီးရင်တော့ နွေစပါး၊ နွေနှမ်းနဲ့ အခြားနွေသီးနှံ ပဲတီစိမ်းသီးနှံတွေ စိုက်ပျိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူ ဦးကျော်ဆန်းက ပြောသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက်  ဈေးကွက်ရှိသည့် ထောပတ်ပဲ၊ ကုလားပဲ၊ ပဲကြီး၊ ပဲကြား၊ စားတော်ပဲ၊ ပဲလွမ်း၊ ပဲနောက်၊ ပဲယင်း၊ ပဲပုတ် စသည့် ပဲမျိုးစုံ သီးနှံများအပြင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်းတို့ကို စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရပြီး ယခုနှစ်တွင် ဆောင်းသီးနှံများ ရိတ်သိမ်းခြွေလှေ့ချိန်၌ ထောပတ်ပဲ သီးနှံအပါအဝင် ပဲမျိုးစုံသီးနှံ ဈေးနှုန်းမှာ ဈေးကွက်၌ ယခင်နှစ်ကထက် ဈေးကောင်းရရှိနေကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ထောပတ်ပဲသီးနှံအပါအဝင် ပဲမျိုးစုံသီးနှံ (၃၈၀၈၄) ဧက လျာထားစိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ပျိုးပြီးစီးမှုအနေဖြင့် ထောပတ်ပဲ (၇၇၃၅) ဧက၊ မတ်ပဲ (၁၃၂) ဧက၊ ပဲကြီး (၃၆၉၇) ဧက၊ ပဲကြား (၃၉၃) ဧက၊ စားတော်ပဲ (၃၁၉၂) ဧက၊ ကုလားပဲ (၅၂၀၅၁) ဧက၊ ပဲလွမ်း (၃၂၃၃) ဧက၊ ပဲနောက် (၄၁၇) ဧက၊ ပဲယင်း (၂၁၅) ဧက၊ အခြားပဲ (၉၄၅) ဧက၊ စုစုပေါင်း ပဲမျိုးစုံသီးနှံစိုက်ဧက (၇၂၀၁၀) ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် သတ်မှတ်လျာထားဧကထက် ပိုမိုကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)