ကျုံပျော် မတ် ၈
၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ မှ ၁၉ ရက်နေ့ အထိ နိုင်ငံအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ စာစစ်ဌာနများတွင် မီးဘေးအန္တရာယ် ဖြစ်ပွားမှုမရှိစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့များက စာစစ်ဌာနများတွင် မီးဘေးလုံခြုံရေးကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် စာစစ်ဌာနများ၌ မီးဘေးလုံခြုံရေးအတွက် ကာကွယ်ပြင်ဆင်ထားမှုများ၊ စာစစ်ဌာနများတွင် လျှပ်စစ်မီးသွယ်တန်းသုံးစွဲမှု အခြေအနေ စိတ်ချရမှုရှိ/မရှိ၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး အရန်သင့်ထားရှိမှု၊ မီးသတ်ရေကန်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကြပြီး မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် စာစစ်ဌာနများက လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များအား အကြံပြု လမ်းညွှန်မှာကြားခဲ့ကြသည်။
ကျုံပျော်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန(၁၀)ခုရှိပြီး၊ အဆိုပါစာစစ်ဌာနများ မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး၊ ဒေသတွင်း မီးဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာ ပညာရေးဌာန တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများပူးပေါင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)