ရေဖြူ မတ် ၈
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာရှင်းလင်းဆွေးနွေးပွဲအား တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ယမန်နေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်သာဝတီခန်းမ၌ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပသည်။
ရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ဝင်းက ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းကို ဌာနဆိုင်ရာများမှ တဆင့်ဝန်ထမ်းများနှင့် ပြည်သူများအား ချပြရှင်းလင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ စစ်မှုထမ်းရမည့်အသက်အရွယ်သတ်မှတ်ချက်အနေဖြင့် အမျိုးသားဖြစ်လျှင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၃၅)နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၂၇)နှစ်မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ ကျွမ်းကျင်သူအမျိုးသားဖြစ်လျှင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၄၅)နှစ်မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ ကျွမ်းကျင်သူအမျိုးသမီးဖြစ်လျှင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၃၅)နှစ်မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း ဥပဒေအရသတ်မှတ်ထားပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်သည်နှင့် ချက်ချင်းစစ်မှုထမ်းရန် ခေါ်ယူမည်မဟုတ်ဘဲ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ စနစ်တကျရေးဆွဲပြီးချိန်မှသာ စစ်မှုထမ်းစနစ် စတင်မည်ဖြစ်ကြောင်း ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ထားပြီး နိုင်ငံတည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် အောင်မြင်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ရေဖြူမြို့နယ် ဒုတိယဥပဒေအရာရှိက ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း အသိပညာပေးဟောပြော ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခတ္တာ