ပေါင်းတည် မတ် ၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မတ်လ ၆ ရက်နေ့ နံနက် ၈ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့်အဖွဲ့သည် ပေါင်းတည်မြို့နယ်အတွင်း နွေစပါးစိုက်ပျိုးနေမှုများကို ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ယင်းသို့ ကွင်းဆင်းကြည့်ရှုရာ၌ ကြူတောကန်ကျေးရွာအုပ်စု၊ ကြူတောကန်ကျေးရွာမှ တောင်သူဦးမင်းအောင်၏ စိုက်ပျိုးမြေ ၁ ဧကတွင် YAR 14 ရေဆင်းစပါးမျိုးသစ်ကို လက်စိုက်နည်းဖြင့် စမ်းသပ်စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စပါးမျိုးသည် ဒေသတွင်း၌ မျိုးသစ်ဖြစ်ပြီး ရက် ၁၁၀ ၊ ၁၁၅ ရက် သက်တမ်းမျိုးဖြစ်ကာ၊ ရေငတ်ခံအထွက်ကောင်းစပါးမျိုးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးမှုကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုးမှုကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့ဝင်များလိုက်ပါလျက် Drum Seeder ဖြင့် အစေ့ချစိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းနှင့် လက်ဖြင့်စိုက်ပျိုးခြင်းများဖြင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် နွေစပါးစိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုကြပြီး ထွန်ယက်စိုက်ပျိုးနေကြသော တောင်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)