စလင်း မတ် ၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပျိုးရင်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီ ၃၀ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်က အဖွင့်အမှာစကားပြောကြားရာ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဥ်း၍ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးဆွေးနွေးပွဲကို ကျေးရွာများအရောက် ကွင်းဆင်း၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရပ်မိရပ်ဖ ဦးစိန်လင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လူဝင်မှုကြီးကြပ်ရေး ဒုလူမှုကြီးကြပ်ရေးမှူး ဦးနိုင်လင်းအောင် ဒုရဲအုပ် ချစ်မင်းတို့မှ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးရန်အောင်က လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပြည်သူများအထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ကောလဟာလသတင်းများ ပျံ့နှံလာမှုအပေါ် ယုံကြည်မှုမရှိကြရန်၊ အတင်းအဓမ္မ ဆွဲခေါ်ခြင်း ပေါ်တာဆွဲခြင်း ဖမ်းဆီးခြင်းများစသည့် ရေးသားဖော်ပြချက်များမှ မဟုတ်မမှန်သည့် သတင်းအမှားများသာဖြစ်ကြောင်း ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်စရာမလိုကြောင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသည့် ပြည်သူများ၏ မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးရှင်းလင်းခဲ့သည်။ တက်ရောက်လာသည့် ပြည်သူများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေငှခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင် ပျိုးရင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး ဆယ်အိမ်မှူးများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)