ပိုင်ကျုံမြို့၌ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ပိုင်ကျုံ   မတ်   ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာန အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီးရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက  ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုး၏  ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မွေးစမှအသက် တစ်နှစ်ခွဲအထိ ကလေးငယ်များအား  ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်-အသည်းရောင်အသားဝါဘီ၊   ဦးနှောက်အ‌မြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊   ပြင်းထန်အဆုတ်ရောင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊  ဝက်သက်၊  ဂျိုက်သိုးရောဂါစသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်‌ကျွေးပေးသည့်အပြင် ကိုယ်ဝန်ဆောင်မိခင်များတို့၏ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတို့၏ ပုံမှန်ကာကွယ်ဆေးထိုးခြင်လုပ်ငန်းကို လစဉ် ၆ ရက်နေ့နှင့် ၇ ရက်နေ့တွင် ထိုးနှံပေးလျက်ရှိကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ သိရသည်။

နော်ခူး(ပြန်/ဆက်)