မော်လမြိုင်ကျွန်းမြို့နယ်၌ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မော်လမြိုင်ကျွန်း မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်ရန် ဆောင်ရွက်နိုင်ရေး (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာ အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က စိုက်ပျိုးရေးတွင် အဓိကသီးနှံများ စိုက်ဧကပြည့်မီအောင် စိုက်ပျိုး၍ ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ လယ်ယာလုပ်ငန်းများအတွက် အရေးပါသည့် မြေယာပြုပြင်ခြင်း၊ ရိတ်သိမ်းချွေလှေ့ခြင်း လုပ်ငန်းများတွင် လယ်ယာသုံးစက် ကိရိယာများအား အပြည့်အဝအသုံးချကာ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဓာတ်မြေဩဇာများအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးကာ သီးနှံအထွက် နှုန်းတိုးမြှင့်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တည်ဆောက်ရေး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းမီ ပြီးစီးရေးတို့အား တာဝန်ရှိသူများမှ ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့များမှလည်း အဆောက်အဦစာရင်းများအား ကောက်ခံလျက်ရှိရာတွင် သတ်မှတ်ကာလ အတွင်း ရာနှုန်းပြည့်ပြီးစီးရေးအတွက် သက်ဆိုင်ရာဌာနအလိုက် ကြပ်မတ်ဆောင်ရွက်သွားကြရန် နှင့် တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပတော့မည်ဖြစ်၍ သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် လုံခြုံအေးချမ်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် စီမံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော်၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်၊ အဖွဲ့ဝင် (၃) ဦးစောဝဏ္ဏ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဌေ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး၊ ကဏ္ဍအလိုက် ဆောင်ရွက်မည့် အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီးနောက် ဆောင်ရွက်မည့် လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)