သရက် မတ် ၈
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ရွာထောင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ရဲမှူးတို့ကဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေတို့အား ရှင်းလင်းပြောကြားခဲ့ပြီး ဌာနဆိုင်ရာများမှ မိမိတို့သက်ဆိုင်ရာကဏ္ဍများအလိုက် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဒေသခံပြည်သူများ၏ သိရှိလို၍ မေးမြန်းချက်နှင့်တင်ပြချက်များအား တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)