အထက်မင်းလှ မတ် ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ရာ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ နေ့လယ်(၃)နာရီခွဲက (အ.ထ.က)မင်းလှစာစစ်ဌာနတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့စစ်ဆေးရာတွင် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနဖြစ်သော အ.ထ.က(မင်းလှ) ကျောင်းတွင် မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှု၊ စာဖြေခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် စာမေးပွဲဖြေဆိုသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် မြို့ပေါ်ရပ်ကွက်အသီးသီးတွင် လာရောက်တည်းခိုနေထိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများထံသို့ သွားရောက်၍ ကြည့်ရှုအားပေးပြီး လိုအပ်သည်များအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)