ဖျာပုံမြို့၌ အခြေခံစက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲကျင်းပ

ဖျာ ပုံမတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေပြီး၊ မိသားစုဝင်ငွေ တိုးတက်ရရှိစေရန်နှင့် အမျိုးသမီးများဘဝဖွံ့ ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အခြေခံစက်ချုပ်နည်းပညာ သင်တန်းကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က ဖျာပုံခရိုင်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခြေခံစက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲတွင် ဖျာပုံခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်လတ်လတ်ဝင်းက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းအဖြစ် အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ပေးရ​ခြင်းဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချပေးလိုက်သည့် အတတ်ပညာများကို စနစ်တကျ သေချာစွာ လေ့လာမှတ်သားပြီး၊ မိမိတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဝင်ငွေတိုးတစ်နိုင်တစ်ပိုင်စီးပွားဖြစ် ဆောင်ရွက်နိုင်သည်အထိ ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ဖျာပုံခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ဆုရ သင်တန်းသူ(၂)ဦးအား ရွေးချယ်၍ အသေးစား ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နိုင်စေရန်အတွက် အပ်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြပြီး၊ သင်တန်းသူများအား သင်တန်းသုံး ပစ္စည်းများ၊ သင်တန်းတွင် ထွက်ရှိသော ကုန်ချောထည်များ၊ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသူများ ကိုယ်စားသင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား ခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်

ဖျာပုံခရိုင်(ပြန်/ဆက်)