မြဝတီမြို့၌  အသက် ၈၅ နှစ်နှင့် အထက်  အဘိုး၊ အဘွား ၂၀၉ ဦး လူမှုရေးပင်စင် ထောက်ပံ့ကြေးပေးအပ်

မြဝတီ မတ် ၇

ကရင်ပြည်နယ်၊  မြဝတီခရိုင်အတွင်းရှိ  ရပ်ကွက်/ကျေးရွာများမှ  အသက် ၈၅ နှစ်နှင့် အထက် အဘိုး၊အဘွားများအား ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက်  လူမှုရေးပင်စင် ထောက်ပံ့ကြေး ပေးအပ်ပွဲကို ယမန်နေ့ နေ့လည် ၂ နာရီတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက အဖွင့်အမှာစကား ပြောကြားပေးပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသီဟနိုင်က လူမှုရေးပင်စင် ထောက်ပံ့ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပေးကာ ခရိုင်အုပ်ချုပ်ရေးမှူးထံသို့ လူမှုရေးပင်စင် ထောက်ပံ့ကြေးများ လွှဲပြောင်းပေးအပ်သည်။

အဆိုပါ ထောက်ပံ့ကြေး ပေးအပ်ခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက်ငါးခုမှ အုပ်ချုပ်ရေးမှူးများနှင့်   ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ အသက် ၈၅ နှစ်နှင့် အထက်  အဘိုး၊ အဘွား ၂၀၉ ဦးအတွက်  တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ခြောက်ဆယ်နှစ်သိန်း ခုနှစ်သောင်းတိတိကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)