ဒေးဒရဲ မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ ကျောင်စာအပြင် ပြင်ပဗဟုသုတ တိုးပွားစေရေးအတွက် ဟောပြောပွဲများ၊ ဥာဏစွမ်းရည်ပြိုင်ပွဲများနှင့် သင်တန်းများ ကျင်းပပြုလုပ်ပေးလျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမော်က ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များအနေဖြင့် အနာဂတ်နိုင်ငံတော်ကို ပုံဖော်ပေးနိုင်မည့် ကလေးများအား ကလေးအလုပ်သမားမဖြစ်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ပြီး အဆိုးရွားဆုံးပုံစံဖြင့် ကလေးများအား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ရေးရာဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှု အကာအကွယ်မဲ့စေသော အလုပ်များ၊ အန္တရာယ်များသော စက်ယန္တရား၊ လေးလံသောဝန်များကို သယ်ပို့သောလုပ်ငန်းများ၊ ကျန်းမာရေး ထိခိုက်စေသောလုပ်ငန်းများ၊ အလုပ်ချိန်ကြာရှည်သော၊ ညရေးညတာ၌ လုပ်ရသော အလုပ်များတွင် လုပ်ကိုင်ရသော ကလေးများအား ကလေးအလုပ်သမားအဖြစ် သတ်မှတ်ကြောင်းနှင့် နိုင်ငံတော်က ကလေးအလုပ်သမား ပပျောက်ရေးအတွက် အဓမ္မခိုင်းစေမှု ပပျောက်ရေး၊ ဘေးကင်းပြီး ကျန်းမာသော လုပ်ငန်းခွင်ပတ်ဝန်းကျင် ဖြစ်ပေါ်ရရှိစေရေးစသည့် လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်နှင့် စာရေးကရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဟောပြောပွဲအပြီးတွင် တက်ရောက်လာသူများနှင့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေဇာလင်း