မင်းဘူး(စကု)မြို့နယ်၌ မကွေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ ကျေးလက်ဒေသ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး စီမံချက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မင်းဘူး မတ် ၈

မကွေးတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်ပြီး ကျေးလက်ဒေသအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး စီမံချက်လုပ်ငန်းများအဖြစ် မတ်လ ၆ ရက် နံနက်ပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး (စကု)မြို့နယ်အတွင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအမျိုုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဖလံရုံကျေးရွာသို့ သွားရောက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဆယ်အိမ်စု အမျိုးသမီး စေတနာ့ဝန်ထမ်းများ၊ ကျေးရွာအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီးအမျိုုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပက ကျေးလက်ဒေသအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစီမံချက် စာရင်းဝင်ကျေးရွာများ၌ အမျိုးသမီးများကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံချက်လုပ်ငန်းများနှင့်ပတ်သက်သည့် ကဏ္ဍကြီး (၅)ရပ်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျေးလက်ကျန်းမာရေးဆရာမနှင့် သားဖွားဆရာမတို့က ကျေးရွာပတ်ဝန်းကျင်သန့်ရှင်းကျန်းမာစေရေးအတွက် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များ၏ ကျန်းမာရေးအကြောင်းကို ဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက တိုင်းဒေသကြီး အမျိုုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဖလံရုံကျေးရွာမှ အသက်(၈၀)နှင့်အထက် သက်ကြီးဘိုးဘွား (၂၂)ဦးနှင့် မသန်စွမ်းကလေးငယ် (၁၀)ဦးတို့အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ် ၁၀,၀၀၀ နှုန်းအပြင် ဝတ်စုံ၊ ကြက်ဥ၊ ကွေကာအုပ်နှင့် အာဟာရမုန့်များကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျေးရွာအတွင်း သွေးလွန်တုတ်ကွေးရောဂါမဖြစ်ပွားစေရေးနှင့် ကျန်းမာသန့်ရှင်းစေရေးအတွက် ဖုံး၊ သွန်၊ လှယ်၊ စစ် လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများက စကုမြို့သို့သွားရောက်ပြီး မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း မန်းရေနံမြေမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် (CSR) ရန်ပုံငွေ ကျပ် ၁၅,၃၄၀,၀၀၀ (တစ်ရာ ငါဆယ့်သုံးသိန်းလေးသောင်းကျပ်)ဖြင့် ဆောင်ရွက်သည့် စကုမြို့ မိခင်နှင့်ကလေးမူလတန်းကြိုကျောင်း၌ တိုးချဲ့ဆောင်နှင့် အမိုးအဖီဆောက်လုပ်ခြင်း ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး စာသင်ဆောင်ခန်းမဆောင် တိုးချဲ့ဆောင်ရွက်ရေး၊ စကုမြို့မိခင်နှင့်ကလေးအသင်းရုံးခွဲ၌ သားဖွားခန်း ဖွင့်လှစ်နိုင်ရေးနှင့် လိုအပ်သော အထောက်အကူပြုပစ္စည်းများ ဆောင်ရွက်ထားရှိနိုင်ရေးတို့အတွက် စကုမြို့ မိခင်နှင့်ကလေးအသင်းခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ မူလတန်းကြိုကျောင်းမှ ဆရာ/ဆရာမများနှင့် တွေ့ဆုံညှိနှိုင်ဆွေးနွေးကာ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့/မိခင်ကလေးစောင့်ရှောက်ရေးအသင်း ကြီးကြပ်မှုအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)