မြို့သစ် မတ် ၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ တောင်သူများ ၂၀၂၃-၂၀၂၄ ခုနှစ်၊ နွေစပါးနှင့် နွေနှမ်းစိုက်ပျိုးနိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစတင်၍ ဆည်တမံများမှ စိုက်ပျိုးရေများ စတင်ပေးဝေနေပြီဖြစ်ပြီး နွေစပါးပျိုးခင်းများ စတင်ပျိုးထောင်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
မြို့သစ်မြို့နယ်၏ တောင်သူများအနေဖြင့် နွေစပါးစိုက်ပျိုးနိုင်ရန်အတွက် လယ်ရေများသွင်းကာ ထယ်ရေပြင်ဆင်ခြင်း၊ ပျိုးထောင်ရေများ သွင်းယူခြင်းဖြင့် တောင်သူလုပ်ငန်းခွင်အတွက် စတင်ထွန်ယက်နေပြီဖြစ်သည်။
မြို့သစ်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် နွေစပါးလျာထားဧက (၆၇၁၇)ဧက၊ နွေနှမ်းလျာထားဧက(၃၆၈၉)ဧက လျာထားဆောင်ရွက်လျက်ရှိပြီး နတ်မောက်တမံမှ (၆၈၄၀)ဧက၊ ပုလင်းတမံမှ (၇၀၀)ဧက၊ စွန်ဆည်တမံမှ(၁၈၀၀)ဧကနှင့် ဆဒ္ဒန်ဆည်တမံမှ (၁၀၆၆)ဧက စုစုပေါင်းနွေစပါးနှင့် နွေနှမ်းလျာထားဧက (၁၀၄၀၆)ဧကအတွက် စိုက်ပျိုးရေပေးဝေခြင်းဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ကိုဇော်(ပြန်/ဆက်)