မြို့သစ်မြို့နယ်၊ နတ်ရွာကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်

မြို့သစ် မတ် ၈

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို မတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက ရေပြည့်ကျေးရွာအုပ်စု၊ နတ်ရွာကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသီဟအောင်၊ မြို့သစ်မြို့မစခန်းမှူး ဒုရဲမှူး  စိုးမြင့်နိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်တို့က  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အကြောင်းအရာများဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းရခြင်းနှင့် ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရခြင်း အကြောင်းအရင်းများ၊ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့်ကာလ၊ စစ်မှုထမ်းခြင်းမှ ယာယီရွှေ့ဆိုင်းခွင့်ရသူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများပါဝင်သည့် လက်ကမ်းစာစောင်များကို  ပြည်သူများ  လေ့လာဖတ်ရှုနိုင်ရန် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)