လပွတ္တာ မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် အကြမ်းဖက်သမားများ ဝင်ရောက်မှု မရှိစေရေး၊ နယ်မြေအေးချမ်းသာယာလုံခြုံမှုရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာတို့ ပူးပေါင်း၍ ယမန်နေ့နံနက်(၉)နာရီ အချိန်ခန့်တွင် လပွတ္တာမြို့၊ အမှတ်(၅)ရပ်ကွက်၊ ကမ်းနားလမ်းရှိ သင်္ဘောဆိပ်များ၌ ဆိုက်ကပ်ထားသောစက်လှေများ၊ ရေယာဥ်များရှိ ခရီးသည်များအား မှတ်ပုံတင်များ စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ ဝန်ထမ်းများ၊ နယ်မြေခံတပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့များ ပူးပေါင်း၍ စက်လှေများနှင့် ရေယဉ်များပေါ်ရှိ ခရီးသည်များကို မှတ်ပုံတင်များ စစ်ဆေးခြင်း၊ အမှိုက်များ မြစ်အတွင်းသို့ စွန့်ပစ်မှုမရှိစေရေးနှင့် စနစ်တကျစွန့်ပစ်စေခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
လပွတ္တာမြို့နယ်အတွင်း နေထိုင်ကြသည့် ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေး၊ လုံခြုံမှုရှိရေး၊ မှု့ခင်းကြိုတင်ကာကွယ်ရေး၊ ဒုစရိုက်မှုများ လျော့နည်းကျဆင်းစေရေး၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် နယ်မြေလုံခြုံရေးဆိုင်ရာ လုပ်ငန်းများဖြစ်သည့် စက်လှေနှင့်ခရီးသည်တင် ရေယာဥ်များ စစ်ဆေးခြင်း၊ မော်တော်ယဉ်များ စစ်ဆေးခြင်းနှင့် ဧည့်စာရင်းစစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မူမူ