ပုသိမ် မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ တကောကျေးရွာရှိ တောင်သူဦးရဲမြတ်အောင်၏ စိုက်ဧက(၁၀)ဧက၌ ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းသီးနှံ ဆီထွက်သီးနှံ(နေကြာ) Super sun-41 နေကြာမျိုးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေကြာစံကွက် ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ မျိုးရွေးချယ်မှုများ၊ အထွက်နှုန်းများအား စနစ်တကျ မှတ်တမ်းထားရှိရေး၊ အထွက်တိုးမျိုးကောင်း မျိုးသန့်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကိစ္စရပ်များကို တောင်သူများနှင့် ဆွေးနွေးခဲ့ပြီးနောက် (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့တွင် သုံးသီးစိုက်တောင်သူထူးချွန်ဆုရရှိခဲ့သည့် ဝါးခယ်မမြို့နယ်၊ သဲဖြူကျေးရွာမှ တောင်သူဦးဝင်းဗိုလ်က နေကြာသီးနံ စိုက်ပျိုးဖြစ်ထွန်း အောင်မြင်ရေးအတွက် စိုက်ပျိုးရေးကိုယ်တွေ့ အတွေ့အကြုံများကို ဆွေးနွေးမျှဝေခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အိမ်မဲမြို့နယ်၊ တကောကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲသို့ သွားရောက်၍ Grade-12 စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာရှိ တောင်သူဦးစိန်မောင်သန်း၏ ဆင်းရွှေကြာ(၂) နေကြာ (၂)ဧက ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးပြီးနောက် ဘုရားကြီးကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ Grade-12 စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကောက်ကြီးကုန်းကျေးရွာ၊ လျှပ်စစ်ရေတင်စနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်သည့် တတိယသီးနှံ နွေစပါးဧက (၁၀၀)စံပြကွက်သို့ သွားရောက်ခဲ့ပြီး တောင်သူ ဦးကျော်ဌေး၏ စိုက်ဧက(၄.၅)ဧကတွင် နယူးဧရာ(၁)စပါးမျိုးအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ မိုးပြာအရှေ့ ကျေးရွာနှင့် မီးသွေးတိုက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲများသို့ သွားရောက်၍ Grade-12 စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ စာသင်ကျောင်းအတွက် လိုအပ်ချက်များ တင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ရေတာကြီး ကျေးရွာအုပ်စု၊ ထိပ်အုပ်ကျေးရွာသို့ရောက်ရှိ၍ တောင်သူဒေါ်ဌေးဌေး၏ လယ်မြေတွင် စိုက်ပျိုးထားရှိသည့် တတိယသီးနှံနွေစပါး GW-11 စပါးမျိုး စိုက်ဧက(၇)ဧကတွင် မြေဩဇာကြဲပက်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများ၏ လိုအပ်ချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ကျောင်းကုန်းမြို့နယ်၊ ရေတာကြီး-လက်ပန်ချောင် အမှတ်(၈)မြောင်း တူးဖော်ပြီးစီးမှုကြောင့် နွေစပါးစိုက်ပျိုးရေလုံလောက်စွာရရှိသဖြင့် ရေတာကြီး ကျေးရွာအုပ်စုနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ တောင်သူများ၏ နွေစပါးစိုက်ဧက (၇၀၀)ကျော် ပိုမိုတိုးတက်စိုက်ပျိုးနိုင်ခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)